Home » 

မောင်းသူမဲ့ ထရပ်ကားများအတွက် Paccar နဲ့ပူးပေါင်း ဆောင်ရွက်နေကြောင်း Nvidia ထုတ်ပြန်

မောင်းသူမဲ့ယာဉ်များ ဖန်တီးရန်အတွက် ထရပ်ကားကုမ္ပဏီ Paccar နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ အမေရိကန် ချစ်ပ်ကုမ္ပဏီ Nvidia က ပြောကြားလိုက်ပါတယ်။

Kenworth, Peterbilt နဲ့ DAF ထရပ်ကားတွေကို ထုတ်လုပ်တဲ့ Paccar ဟာ Nvidia ရဲ့ နည်းပညာ အသုံးပြုထားတဲ့ မောင်းသူမဲ့ထရပ်ကား နမူနာပုံစံတစ်ခု ဖန်တီးခဲ့တယ်လို့ ချစ်ပ်ကုမ္ပဏီက ထုတ်ပြန်ခဲ့ပါတယ်။

စွမ်းဆောင်ရည်မြင့် gaming ကွန်ပျူတာတွေအတွက် ဂရပ်ဖစ်ချစ်ပ်တွေကို ထုတ်လုပ်ရာမှာ လူသိများထင်ရှားတဲ့ Nvidia ဟာ မောင်းသူမဲ့စနစ်တွေအပေါ်မှာ အာရုံစိုက် လုပ်ဆောင်နေပြီး Tesla က အသုံးပြုထားတဲ့ DRIVE PX 2 မောင်းသူမဲ့စနစ်ကို ဖန်တီးထားပါတယ်။

မောင်းသူမဲ့ နည်းပညာဈေးကွက်ဟာ အရှိန်အဟုန်နဲ့ မြင့်တက်နေတာကြောင့် Alphabet ရဲ့ Waymo ကနေ Qualcomm ချစ်ပ်ကုမ္ပဏီအထိ ကုမ္ပဏီအများအပြားကို ဆွဲဆောင်လျက် ရှိပါတယ်။

ကမ္ဘာအကြီးဆုံး ကွန်ပျူတာချစ်ပ်ကုမ္ပဏီဖြစ်တဲ့ Intel ဟာလည်း အစ္စရေးမောင်းသူမဲ့ နည်းပညာကုမ္ပဏီ Mobileye ကို ဒေါ်လာ ၁၅.၃ ဘီလျံနဲ့ဝယ်ယူကာ ဈေးကွက်ထဲ ဝင်ရောက်လာခဲ့ပါတယ်။

Ref: Reuters