Home » 

2017 Toyota 86 Coupe

By: 

လင်းထက် (IA)

Mazda ရဲ့ MX-5 ကို အကောင်းဆုံး ဈေးကွက် ပြိုင်ဆိုင် နိုင်အောင် ထုတ်လုပ်ထားတဲ့ မော်ဒယ်ဆိုရင် မမှားပါဘူး။ မထင်မှတ်ဘဲ Mazda ရဲ့ စန်းကတော်တော်လေး ကောင်းသွားပါတယ်။ MX5 မော်ဒယ် တစ်ခုတည်းနဲ့တင် အကောင်းဆုံး ကားစာရင်းမှာ နှစ်တိုင်းပါလာခဲ့တယ်၊ Coupe အနေနဲ့ ရောင်းအား အကောင်းဆုံး ဖြစ်လာခဲ့တယ်၊ ဈေးကွက်မှာ အဲဒီမော်ဒယ်တစ်ခုတည်းနဲ့တင် အခြားမော်ဒယ်တွေကိုပါ ဈေးကွက်ဆွဲတင်နိုင်ခဲ့ပြီး Brand ရဲ့ ဂုဏ်ကိုပါ ဆောင်နိုင်ခဲ့ တာ တွေ့ရပါတယ်။ ဒီတော့ အိမ်စီးကားတွေမှာ Toyota, ဇိမ်ခံဆိုရင် Lexus နဲ့ အောင်မြင်မှု ရနေတဲ့ ကုမ္ပဏီအဖို့ Coupe ထဲမှာလည်း အောင်မြင်မှုရဖို့ လိုအပ်လာတာကြောင့် အခုလို အကောင်းဆုံး ပြင်ဆင်ဖန်တီးလာပုံရပါတယ်။

အားသာချက်

လက်ကိုင်ပိုင်းရဲ့ အားသာချက်ကို ဦးစားပေး ဖန်တီးထားတာ တွေ့ရပါတယ်။ အမှန်မှာလည်း MX5 က လက်ကိုင်ပိုင်းကောင်းမွန်မှုနဲ့ လူကြိုက်များ စေခဲ့တာဖြစ်သလို အခုလည်း အဆိုပါ မော်ဒယ်လို အားသာချက်ရအောင် ဖန်တီးထားတာ တွေ့ရပါတယ်။ တည်ငြိမ်မှုနဲ့အတူ လားရာဘက် ပြောင်းလဲနိုင်မှု စိတ်ကြိုက်ဖြစ်ပါတယ်။ လိုက်ပါ စီးနင်းရမှု သက်သောင့်သက်သာ ရှိတယ်၊ ဇိမ်ခံမော်ဒယ်ပုံစံ ခံစားမှုရရှိသလို ဥရောပထုတ် Coupeတွေရဲ့ ဖန်တီးမှုမျိုး တွေ့ရပါတယ်။ နောက်ဆုံး သဘောကျမိတဲ့ အချက်ကတော့ ထည့်သွင်းနည်းပညာပိုင်းက ကားရဲ့ တန်ကြေးထက် ပိုမိုတဲ့စနစ်တွေကို ထည့်သွင်းထားတာပဲ ဖြစ်ပါတယ်။

အားနည်းချက်

ကိုယ်ထည်ပိုင်း သေးငယ်နေတာ တစ်ချက်က သဘောမကျမိပါဘူး။ Coupe ဖြစ်တာကြောင့် တံခါးနှစ်ပေါက်စနစ်နဲ့ ရှေ့ဘက်ခန်း ဦးစားပေး ပုံစံ ဖန်တီးထားပေမယ့် နောက်ဘက် ဝန်တင်ခန်းလည်း ကျဉ်းသွားတယ်၊ နောက်ဘက် ခရီးသည်ခန်းလည်း ကျဉ်းသွားတာ တစ်ချက်ကို မကြိုက်မိပါဘူး။ အထူးသဖြင့်တော့ နောက်ဘက် ခရီးသည်ခန်းက လူလိုက်ပါဖို့ထက် ပစ္စည်းထားဖို့လောက်ပဲ သုံးသင့်ပါတယ်။ အရှိန်မြှင့်တင်နိုင်မှုသင့်ပေမယ့် အကောင်းဆုံး မဟုတ်တာတွေ့ရသလို အင်ဂျင်ပိုင်းမှာလည်း နောက်ထပ် အဆင့်မြှင့်ချင်တယ်ဆိုရင် မရနိုင်သေးတာတစ်ခုက ဈေးကွက်မှာ တန်ကြေးနည်း မော်ဒယ်အဖြစ် လက်ခံနိုင်စရာ ဖြစ်ပေမယ့် စိတ်ကြိုက် ဖြစ်မလာနိုင်သေးပါဘူး။

မော်ဒယ်သစ်ရဲ့ ထူးခြားချက်

Scion FR-S နာမည်နဲ့ ပိုပြီး လူသိများတဲ့ မော်ဒယ်ကို အခုနှစ် Toyota နာမည်ရဲ့ အောက်မှာ ထုတ်လုပ်လာတာ ဖြစ်ပါတယ်။ ဒါကလည်း တခြားကြောင့်တော့ မဟုတ်ပါဘူး။ Scion ဆိုတဲ့ နာမည်ခွဲကို ဆက်လက် အသုံးပြုတော့မှာ မဟုတ်လို့ အခုလို Toyota ရဲ့ နာမည်အောက် ဆွဲသွင်းလိုက်တာပါ။ ဒါပေမဲ့ RF-S အဖြစ် လူသိများတဲ့ အခု 86 မော်ဒယ်ကတော့ ဆက်လက် ထုတ်လုပ်နေဦးမယ်လို့ သိရပါတယ်။ အင်ဂျင်ပိုင်းမှာ ရှေ့ထွက် မော်ဒယ်ထက် အဆင့်မြှင့်ထားမှု နည်းနည်း တွေ့ရတယ်၊
Brand အမည် ကြီးကြီးမားမား ပြောင်းလဲလိုက်တာကလွဲရင် အခုမော်ဒယ်မှာ ကြီးမားတဲ့ ပြောင်းလဲမှုတော့ မတွေ့ရပါဘူး။ Manual စနစ်နဲ့  ဂီယာပိုင်းမှာ ပြန်ပြင်ထားတယ်၊ Suspension စနစ်ပြန်ထိုင်ထားတယ်၊ ရှေ့ဘက်နဲ့ နောက်ဘက် ရုပ်ထွက်အချိုးအဆစ် နည်းနည်းလေးပြောင်းလာတယ်၊ ဒီလောက်ပါပဲ။

မောင်းနှင်နိုင်မှု

အထက်မှာ ပြောခဲ့သလို Manual စနစ်နဲ့လည်း ရနိုင်သလို Auto နဲ့လည်း လာပါတယ်။ ဂီယာစနစ် ၂ မျိုးလုံးက ၆ ချက်ပဲသုံးနိုင်မှာပါ။ အခုနှစ်မှာ Manual စနစ်နဲ့ ပြန်ရလာလို့ သဘောကျစရာပါ။ အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှုက Manual နဲ့ဆိုရင် တစ်နာရီ မိုင် ၆၀ နှုန်းကို အချိန် ၆ စက္ကန့်ခွဲကျော်ကျော်နဲ့ ရနိုင်ပေမယ့် Auto နဲ့ဆိုရင်တော့ အချိန် ၈ စက္ကန့်ကျော်လောက်ယူပါတယ်။ Auto တွေ ခေတ်စားလာချိန်မှာ 86 ရဲ့ Auto စွမ်းဆောင်ရည်က နောက်ထပ်အဆင့်မြှင့် ရဦးမယ့် သဘောဖြစ်နေပါတယ်။ ဆီစားနှုန်းကတော့ ပျမ်းမျှ တစ်ဂါလံကို ၂၇ မိုင် စီးနင်းနိုင်မှာ ဖြစ်လို့ မဆိုးပါဘူး။

သုံးသပ်ချက်

ဈေးနှုန်းလည်း ချိုသာပါ တယ်၊ နည်းပညာလည်း ကောင်းမွန်ပါတယ်၊ အရည်အသွေးလည်း ရေရှည် စိတ်ချရပြီး အခုနှစ်မှ Toyota နာမည်နဲ့ ထုတ်လုပ်လာမှု အတွက် မျက်နှာသစ် အနေအထားမှာ နာမည်ပျက်ခံဖို့ မရှိပါဘူး။ Manual နဲ့ဆိုရင် စွမ်းဆောင်ရည် ပိုကောင်းတယ်၊ ဆီတော့ နည်းနည်း ပိုစားတယ်၊ Auto က စွမ်းဆောင်ရည် သင့်ပြီး ဆီစားချိုတယ်၊ MX5 အတွက် ပြိုင်ဘက်ကောင်း ဖြစ်လာပေမယ့် လိုအပ်ချက်တွေတော့ များနေပါ သေးတယ်။ တန်ကြေးနဲ့ အရည်အသွေးအရတော့ မော်ဒယ်
ကောင်းတစ်ခုလို့ မှတ်ချက်ပေးချင်ပေမယ့် MX5 အတွက်တော့ ပြိုင်ဘက်ဖြစ်မလာနိုင်သေးပါဘူး။

ကိုယ်ထည်ပိုင်း …

မော်ဒယ်က ခရီးသည် ၂ ယောက် ဦးစားပေးစီးနင်းဖို့ ဖန်တီးထားတဲ့ သဘောပါ။ အသေးစား နှစ်ယောက်စီး မော်ဒယ် ဖြစ်ပြီး အလျား ၁၃ ပေနဲ့ ၁၀.၇ လက်မပဲ ရှိပါတယ်။ ဈေးကွက်ဝင် မော်ဒယ်တွေထဲမှာတော့ ကိုယ်ထည်အသေးဆုံး စာရင်းဝင်သွားပါတယ်။ အမြင့် ၄ ပေနဲ့ ၂.၆ လက်မ၊ မျက်နှာစာ အကျယ် ၅ ပေနဲ့ ၉.၉ လက်မ ရှိပါတယ်။ အပြင်ဘက် အရောင် အနေနဲ့ အနီ၊ အပြာ၊ အဖြူစတဲ့ လူငယ်ကြိုက် အရောင် ၇ မျိုးပဲ ရနိုင်ပြီး အတွင်း ခန်းက အထည်ဦးစားပေး ပုံစံနဲ့ အနက်ရောင် တစ်မျိုးတည်း ထုတ်လုပ်ထားပါတယ်။ ခရီးသည် ခန်းမှာ ရှေ့ဘက်ခန်းက ၅၄.၅ လက်မဖြစ်လို့ ကျယ်ဝန်းအဆင်ပြေပေမယ့် နောက်ဘက်ခန်းက ၅၁.၇ လက်မထဲရှိနေလို့ ကျဉ်း ချင်နေတာဖြစ်ပါတယ်။

အင်ဂျင်ပိုင်း …

မော်ဒယ်မှာ တပ်ဆင်ထားတဲ့ အင်ဂျင်က အထက်မှာ ပြောခဲ့သလို နောက်ထပ် စွမ်းဆောင်ရည်ပိုင်း အဆင့်မြှင့်မယ်ဆိုရင် မရနိုင်သေးတဲ့ ၂.၀ လီတာသုံး ပုံမှန်လေးလုံးထိုး အင်ဂျင်တစ်ခုတည်းကိုပဲ တပ်ဆင်ထားတာ တွေ့ရပါတယ်။ ဒီအင်ဂျင်စနစ်က ဂီယာပိုင်း တပ်ဆင်ထားမှုအပေါ်ကို အခြေခံပြီးတော့ Manual စနစ်နဲ့ ဆိုရင် ရုန်းအား ၁၅၆ ပေါင်-ပေမှာ စွမ်းအင်မြင်းကောင်ရေ ၂၀၅ ကောင်အား ရှိနိုင်ပြီး Auto စနစ်နဲ့ဆိုရင်တော့ ရုန်းအား ၁၅၁ ပေါင်-ပေမှာ မြင်းကောင်ရေ ၂၀၀ အား ထွက်ရှိ
မှာ ဖြစ်ပါတယ်။ ရုန်းအားနည်းလွန်းတဲ့ အနေအထားမှာ ၀န်လေး တင်ဆောင်ဖို့နဲ့ တောင်တက်လမ်း မောင်းနှင်ဖို့အတွက်တော့ စိတ်ကြိုက် ဖြစ်မှာမဟုတ်ပါဘူး။

Ref: www.edmunds.com

Tags: